on 22 Jun 2021
🔹ကမ္ဘာဦးကျမ်း ၂၅:၂၁-၂၃ မှာ ဣဇာက်သည် မိမိမယားရေဗက္ကာမြုံသောကြောင့် ထာဝရဘုရားကိုတောင်းပန်၍ ထာဝရဘုရားနားထောင်တော်မူသဖြင့် သူ၏မယားသည် ပဋိသန္ဓေစွဲယူလေ၏။ ဝမ်းအတွင်းကသူငယ်တို့သည် အချင်းချင်းတိုက်သောကြောင့် ထာဝရဘုရားကိုမေးလျှောက်သောအခါ ဝမ်းတွင်း၌ လူမျိုးနှစ်မျိုးရှိပြီး အကြီးသည်အငယ်၌ ကျွန်ခံရလိမ့်မည်။
-ရေဗက္ကာက ကိုယ်ဝန်ဆောင်စဉ်ထဲက သားကြီးဧသောသည် သားငယ်ယာကုပ်ထက် အားကြီးပြီး သာ၍အသုံးပြုမယ်ဆိုတာ ဘုရားက သူ့ကိုပြောပြီးသားဖြစ်တယ်။ရေဗက္ကာ၏အမျိုးသား ဣဇာက်က သားကို ကောင်းကြီးပေးတဲ့အခါ ယာကုပ်ကို ကောင်းကြီးရဖို့ရန် မိခင်ရေဗက္ကာကပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
-ထို့ကြောင့် အမျိုးသမီးတွေက ဘုရားရဲ့ အသံကို ကြားနိုင်တဲ့သူ ဖြစ်တယ်။ ကျွန်မတို့ဟာ ဘုရားပြောသောစကားအသံကြားလျှင်လည်း အဆုံးထိတည်ကြည်ပြီး လုပ်ဆောင်နိုင်တဲ့သူတွေဖြစ်တယ်။
🔹မိခင်တစ်ယောက်အနေနဲ့ သားသမီးအတွက် အတမ်းတဆုံးအရာကတော့ ယုံကြည်ခြင်းဖြင့် ဘုရားသခင်နဲ့ အတူသွားနိုင်တဲ့ကလေးဖြစ်ဖို့ အလိုချင်ဆုံးဖြစ်ပါတယ်။ ယုံကြည်ခြင်းဆိုတာ မိဘတွေက သားသမီးကို လက်ဆင့်ကမ်းပေးနိုင်တဲ့ အရာလဲဖြစ်ပါတယ်။ သားသမီးတွေကို ပြုစုတဲ့အခါ ငယ်စဉ်တည်းက ဘုရားသခင်ကို ယုံကြည်ပြီး အတူတူသွားတတ်ဖို့ မိဘတွေက ဆုတောင်းပြီး ပြုစုရမှာ ဖြစ်ပါတယ်။
-ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး၁မှာ
သားယောင်္ကျား ဆုတောင်းတဲ့ဟန္နရဲ့အသက်တာကိုကြည့်ခြင်းဖြင့် မိခင်တွေက ကလေးမရခင်၊ကိုယ်ဝန်ဆောင်နေစဉ်မှာပင် မိမိကလေးတွေရဲ့အကြောင်းကို နားလည်ဖို့ ဘုရားကစကားပြောပြီးသားဖြစ်ပါတယ်။
ထာဝရဘုရားကိုယ်တိုင်က ကျွန်မတို့တွေကို ဘယ်အချိန်ထဲက သိပါသလဲ?
🔸'' သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီ သင့်ကို ငါသိပြီ။ မဘွားမီကပင် သင့်ကို ငါဖန်ဆင်းစေ၍ လူအမျိုးမျိုးတို့ အဖို့ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏'' ဟု ယေရမိ ၁:၅ မှာ ဖော်ပြထားတဲ့အတွက် ဘုရားက မမွေးဖွားခင်တည်းက ကျွန်မတို့ကိုသိနှင့်ပြီးသော ဘုရားဖြစ်ပါတယ်။
-ကျွန်မတို့ မွေးဖွားလာခြင်းကပင် မတော်တဆ ဖြစ်လာတာ မဟုတ်ဘဲ ဘုရားက ရည်ရွယ်ချက် ရှိရှိ အကောင်းဆုံးဖန်ဆင်းပြီး မွေးဖွားလာခြင်း ဖြစ်ပါတယ်။
🔸 ဟန္န ရဲ့အသက်တာမှာ သားဆုတောင်းလို့ ဘုရားကသူမကို သားပေးတာ မှန်ပါတယ်။ ဒါ့အပြင် ဘုရားပြုမဲ့ အရာတွေအတွက် ဟန္နကအသုံးတော်ခံရတာလဲ ဖြစ်ပါတယ်။ ဣသရေလလူမျိုးများအတွက် ပရောဖက် ရှမွေလကို မွေးဖွားစေဖို့ အကြံအစည်ရှိလို့ ဟန္နကို မွေးဖွားစေတာ ဖြစ်ပါတယ်။
-ထို့ကြောင့်မိခင်များကမေတ္တာကိုရှေ့ထားပြီး ဘုရားသခင်ဆီက ဥာဏ်ပညာနဲ့မိမိသားသမီးကို ထိန်းကျောင်းတတ်ဖို့ကလဲအရေးကြီးပါတယ်။ ဘုရားသခင် သူတို့အပေါ်မှာ ထားတဲ့ ရည်ရွယ်ချက်များ ပြည့်စုံဖို့ရန် အသုံးတော်ခံနေရတာကိုလဲ နားလည်ဖို့ လိုအပ်ပါတယ်။
-ထိုနည်းတူ မြန်မာပြည်ကြီးကို ပြောင်းလဲဖို့ ဘုရားသခင်က ပြင်ဆင်ပြီးသားဖြစ်တယ်။ဘုရားရဲ့ လုပ်ငန်းစဉ်ထဲမှာ ဆုတောင်းခြင်းအားဖြင့် အသင်းသားတွေအနေနဲ့ ပါဝင်ခွင့်ရတာလဲ ကျေးဇူးတော် ချီးမွမ်းဖို့ပဲ ဖြစ်ပါတယ်။
🔸ကျွန်မတို့အသက်တာမှာ မပြည့်စုံဘူးလို့ ထင်စရာတွေရှိပါတယ် ။ သို့ပေမဲ့ ဘုရားသခင်ကတော့ ကျွန်မတို့ တစ်ယောက်ဆီတိုင်းကို အကောင်းဆုံး အကြံအစည်တွေ၊ ထူးဆန်းသော လက္ခဏာတွေနဲ့ ဖန်ဆင်းထားတာ ဖြစ်တယ်ဆိုတာ နားလည်ဖို့လိုအပ်ပါသည်။
-ဆာလံကျမ်း ၃၇:၂၃-၂၄ မှာ ကောင်းသောသူ၏ ခြေရာတို့ကို ထာဝရဘူရားသည် ပဲ့ပြင်၍ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ ထိုသူသည် လဲသော်လည်း ဆုံးရာသို့ မရောက်ရ။ အကြောင်းမူကား ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။
-ကျွန်မတို့ အသက်တာကို ဘုရားသခင် ဖန်းဆင်းထားတဲ့ ရည်ရွယ်ချက်ကို သိသော်ငြားလည်း ထိုလမ်းမှ လွဲချော်တာတွေ ရှိနိုင်ပါတယ်။ ထိုအခါ စိတ်မပျက်ဘဲ ဘုရားထားတဲ့အကြံအစည်တွေကို တန်ဖိုးထား၍ ထာဝရဘုရားကိုခေါ်လျှင် ထာဝရဘုရားက လမ်းမှန် ကိုပဲ့ပြင်ပေးပြီး အဆုံးထိတည်ကြည်စေမှာဖြစ်ပါတယ်။
အနှစ်ချုပ်အားဖြင့်
⏩ကျွန်ုပ်တို့ မဖြစ်တည်မှီ ဘုရားသခင်က ကျွန်ုပ်တို့ကို သိတော်မူသည်။
⏭ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသုံးတော်ခံ ဖြစ်သည်။
⏭ကျွန်ုပ်တို့ကို ထူးဆန်းသော လက္ခဏာနှင့် ဖန်ဆင်းထားသည်။